စစ်အာဏာဖီဆန်တဲ့ လူထုလှုပ်ရှားမှု (CDM)ကို ဘယ်လိုဝန်းရံနိုင်သလဲ?
မတ်လ ၄ ရက်နေ့တွင် AWID (Association for Women’s Rights in Development) က ကျား၊မရေးရာတန်းတူမှုအတွက် တက်ကြွလှုပ်ရှားသူများ (ဖီမေးနစ်) နှင့် ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ အတူ CDMနဲ့ပတ်သက်ပြီး စကားဝိုင်းလေးတစ်ခု လုပ်ဖြစ်ခဲ့ပါသည်။
စကားဝိုင်းမှာ CDM နဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးသွားခဲ့ကြတဲ့သူတွေက ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ယက် မှ ဒေါ်မေစံပယ်ဖြူ၊ မြန်မာ့အမျိုးသမီးသမဂ္ဂနှင့် ဘီအဲန်အိုင်သတင်းအစီအစဉ်မှ ဒေါ်တင်တင်ညို၊ Colors Rainbow မှ ဒေါ်လှမြတ်ထွန်းနှင့် Purple Feminist Group မှ နန္ဒာတို့ဖြစ်သည်။ သူတို့သည် ဖေဖော်ဝါရီလမှစ၍ မတရားအာဏာသိမ်းခဲ့သော စစ်ကောင်စီကို ဆန့်ကျင်သော စစ်အာဏာဖီဆန်တဲ့ လူထုလှုပ်ရှားမှုတွင် ပါဝင်သူများဖြစ်ကြသည်။
“ဆန္ဒဖော်ထုတ်မှုတွေလုပ်တဲ့ ပထမအပတ်တွေမှာကတည်းက လူတန်းစားမျိုးစုံ၊အသွေးအရောင်မျိုးစုံနဲ့ ခံယူချက်မျိုးစုံပါတဲ့ ဆန္ဒပြသူတွေ ပါဝင်ကြတာပါ။ အမျိုးသမီးတွေရော LGBTQ အသိုင်းအဝိုင်းတွေရော အားလုံး ပါပါတယ်။ သူတို့အားလုံးက ဒီမိုကရေစီရဲ့ အသံတွေဖြစ်ပြီးတော့ ဒီမိုကရေစီအတွက် အသက်ကို ပဓာနမထားဘဲ လှုပ်ရှားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ကျမတို့ကြားထဲမှာ ရှိနေတဲ့ မတူကွဲပြားမှုအားလုံးကို ပယ်ဖျက်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ဆန္ဒဖော်ထုတ်နေကြတာကို မြင်ရတာ အရမ်းအားရဝမ်းသာမိပါတယ်။” - နန္ဒာ
အာဏာသိမ်းစစ်ကောင်စီသည် ဆန္ဒဖော်ထုတ်သူများ၊ သပိတ်ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆိုရှယ်မီဒီယာအင်ဖလူယန်ဇာများပါမကျန်ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။စစ်ကောင်စီသည် အမျိုးသမီးများ၊ LGBTQ အသိုင်းအဝိုင်းများနှင့် ပြည်သူလူထုအားလုံး၏ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းလည်း ဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူလူထုကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နှင့်တရားစွဲဆိုမှုတွေလည်း ရှိသည်။ မျက်ရည်ယိုဗုံးများနှင့်ရော်ဘာကျည်များကို လူစုခွဲရာတွင် သုံးသည့်အပြင် ကျည်အစစ်များဖြင့် ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုအများအပြားရှိခဲ့သည်။
မြန်မာနိုင်ငံ၏ လူထုလှုပ်ရှားမှု CDM က သင့်အကူအညီလိုအပ်နေပါသည်။
စကားဝိုင်းတွင် ဆွေးနွေးခဲ့သူများမှ အောက်ပါအချက်များကို တောင်းဆိုခဲ့ပါသည်။
သတင်းထောက်များနှင့်မီဒီယာ၏အခန်းကဏ္ဍ-
- ဖော်ပြခြင်းခံရမှုသိပ်မရှိသော ပြည်သူ့အသံများကို ဖော်ပြပေးရန်။
မိတ်ဆွေများနှင့်ရဲဘော်များ
- ၁။နာမည်ကြီးသတင်းမီဒီယာများမှာဖော်ပြခြင်းမခံရတဲ့ မြေပြင်က သာမန်ပြည်သူများ၏လှုပ်ရှားမှုများကို နားထောင်ပေးပါ။မျှဝေပေးပါ။
၂။မြေပြင်က သူတွေကို သူတို့ဘယ်ပုံဘယ်နည်းဖြင့် အကူအညီလိုသည်ကို တိုက်ရိုက်မေးပြီး ကူညီပေးပါ။
၃။သင်၏ နိုင်ငံတော်အစိုးရကိုဆက်သွယ်ပြီး နိုင်ငံတစ်နိုင်ငံ၏ လုပ်ပိုင်ခွင့်ရှိသမျှ သုံး၍မြန်မာ့အရေးကို အကူအညီပေးရန် တောင်းဆိုပေးပါ။
အလှူရှင်များနှင့်ပရဟိတအကျိုးဆောင်များ-
-
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပြင်တခြားပြည်နယ်နှင့်တိုင်း၊ကျေးရွာများအထိအထောက်အပံ့များဖြင့် ကူညီပေးသင့်သည်။ထို့အပြင်
1. ထိခိုက်ဒဏ်ရာမှုများအတွက် ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာ အထောက်အကူများပေးခြင်း။
2.ပဍိပက္ခနေရာများတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန်နှင့် လုံခြုံမှုရှိစေရန် ဗျူဟာနှင့်အထောက်အကူပေးနိုင်မည့် သူများဌားရမ်း၍ ကူညီပေးခြင်း။
3. အကူအညီဖြစ်စေမည့် အသိပညာဆိုင်ရာ အရင်းအမြစ်များကို လိုအပ်သော သာသာစကားအလျောက် ဘာသာပြန်၍ ထောက်ပံ့ပေးခြင်း။
ဘာသာပြန်သူများနှင့် စကားပြန်များ-
- အရင်းအမြစ်များကို ဘာသာပြန်ပေးခြင်းဖြင့် ကူညီခြင်း။
စိတ်ပိုင်းဆိုင်ရာအင်အားဖြည့်ခြင်း/ကုစားပေးခြင်း-
- အာဏာဖီဆန်မှုတွင် ပါဝင်သော မည်သူကိုမဆို စိတ်ပိုင်းဆိုင်ရာ အင်အားဖြည့်ပေးခြင်း၊ စိတ်ထိခိုက်မှုတစ်စုံတစ်ရာကို ကုစားပေးခြင်း စသည်များကို နည်းလမ်းမျိုးစုံဖြင့်ကူညီပေးခြင်း။ ဥပမာ- အွန်လိုင်း ရင်ဖွင့်ဆွေးနွေးခြင်းနှင့်တိုင်ပင်ခြင်းများ၊ webminar များလုပ်ပေးခြင်း။
စကားဝိုင်းအပြည့်အစုံကို နားထောင်ရန် (သို့) ကြည့်ရန် နှိပ်ပါ။